သူနဲ့သူမ ကုမ္ပဏီရဲ့ ညစာစားပွဲတစ်ခုမှာ ဆုံကြတယ်။ ပညာတတ်၊
ရုပ်ချောနုပျိုတဲ့ သူမက ကုမ္ပဏီမှာ သတင်းမွှေးတယ်။ သူက
သာမန်လူတစ်ယောက်ဖြစ်တယ်။ ပိုးပန်းသူတွေ မနည်းလှတဲ့ သူမကို သူလည်း
စိတ်ဝင်စားနေတာ ကြာပါပြီ။ ညစာစားပွဲ အပြီးမှာ သူမကို ကော်ဖီတိုက်ဖို့
သူဖိတ်ခေါ်ခဲ့တယ်။ ရုတ်တရက် ဖိတ်ခေါ်မှုကို သူမ အံ့သြသွားပေမဲ့ ယဉ်ကျေးမှုကို
မလွန်ဆန်ချင်တဲ့ သူမ ခေါင်းညိတ်လက်ခံခဲ့တယ်။
ကော်ဖီဝိုင်းမှာ သူတို့ ပြောစရာစကား မရှိဖြစ်နေတယ်။ နှစ်ယောက်လုံး
ရှိုးတိုးရှန့်တန့်ဖြစ်နေတယ်။ မြန်မြန် လက်စသတ်ပြီး ထပြန်ဖို့
သူမစိတ်လောနေမိတယ်။ စားပွဲထိုး ကော်ဖီလာချတော့ သူက ရုတ်တရက်
"ကျေးဇူးပြုပြီး ဆားပေးပါ။ ကျွန်တော်က ကော်ဖီသောက်ရင် ဆားထည့်သောက်တဲ့
အကျင့်ရှိလို့" လို့ ပြောတော့ သူမ အံ့သြရုံတင်မက စားပွဲထိုးပါ
ကြောင်သွားတယ်။ သူ့စကားကြားတဲ့ လူတွေရဲ့ မျက်လုံးက သူအပေါ် လာစုနေကြတယ်။
သူ့မျက်နှာ နီမြန်းသွားတော့တယ်။
စားပွဲထိုးပေးလာတဲ့ ဆားကို ကော်ဖီထဲထည့်ဖျော်ပြီး သူဖြေးဖြေးချင်း
သောက်နေတယ်။ "ဘာဖြစ်လို့ ဆားထည့်သောက်တာလဲ" သိချင်စိတ်ကို
မအောင့်နိုင်တဲ့အဆုံး သူမမေးလိုက်မိတယ်။ သူခဏလောက် မှင်သက်သွားတယ်။
ပြီးမှ တစ်လုံးချင်း "ကျွန်တော်တို့က ပင်လယ်ဘေးမှာ နေတယ်။
ကျွန်တော်ငယ်ငယ်တုန်က ပင်လယ်ထဲ အမြဲ ရေဆင်းကူးတယ်။ လှိုင်းပုတ်ရင်
ခါးသက်သက် ပင်လယ်ရေငန်တွေက ပါးစပ်ထဲဝင်လာရော့။ အခု အိမ်မပြန်ဖြစ်တာ
ကြာပြီဆိုတော့ အိမ်ကိုလွမ်းတိုင်း ကော်ဖီထဲ ဆားထည့်သောက်မိတယ်။
အိမ်ရဲ့အကွာအဝေးကို ကျွန်တော်နဲ့ နီးအောင် ဆွဲလိုက်သလိုပေါ့"
သူ့စကားက သူမကို ခံစားမိစေခဲ့တယ်။ ဒါဟာ ယောကျာ်းလေးတစ်ယောက်
အိမ်ကိုလွမ်းတယ်လို့ ပြောတာကို သူမ ပထမဆုံး ကြားဖူးခြင်းပါပဲ။
အိမ်ကိုလွမ်းတဲ့ ယောက်ျားလေးက အိမ်ကို ဂရုစိုက်တတ်တဲ့လူ၊ မိသားစုကို
ချစ်မြတ်နိုးတတ်တဲ့လူလို့ သူမထင်ခဲ့မိတယ်။ သူပြောတဲ့
မိုင်ပေါင်းများစွာဝေးတဲ့ နေရာလေးတစ်ခုအကြောင်းကို သူမနားထောင်ချင်စိတ်
ဖြစ်လာခဲ့တယ်။ အေးစက်စက် သူတို့ရဲ့ စကားဝိုင်းက
တဖြေးဖြေးနွေးထွေးလာခဲ့တယ်။ သူတို့စကားတွေ အကြာကြီးပြောဖြစ်ခဲ့သလို
သူမရဲ့ အပြန်ကို သူလိုက်ပို့ခွင့်ရခဲ့တယ်။
အဲဒီနောက်ပိုင်း သူတို့မကြာခဏ ချိန်းတွေ့ဖြစ်ခဲ့တယ်။ သူဟာ သဘောထားကြီးသူ၊
ဂရုစိုက်တတ်သူ၊ ကြင်နာတတ်သူ ဖြစ်ကြောင်း သူမသတိထားမိတယ်။ သူဟာ
သူမလိုချင်တဲ့ အချက်အားလုံးနဲ့ ကိုက်ညီနေတယ်။ သူ့ဖိတ်ခေါ်မှုကို
မလွန်ဆန်ခဲ့မိလို့ အခုလို သူနဲ့သိခွင့်ရခဲ့တဲ့အတွက်လည်း
သူမ၀မ်းသာနေမိတယ်။ သူ့ကိုခေါ်ပြီး မြို့အနှံ့ ကော်ဖီဆိုင်မှာ သူတို့
ထိုင်ခဲ့ကြတယ်။ ဆိုင်မှာထိုင်တိုင်း "ဆားပေးပါနော်။ ကျွန်မ မိတ်ဆွေက
ကော်ဖီထဲ ဆားထည့်သောက်တတ်တဲ့ အကျင့်ရှိလို့ပါ" လို့ သူမတောင်းဆိုတတ်တယ်။
အဲဒီလိုနဲ့ ရာဇ၀င်ပုံပြင်ထဲကလို နောက်ဆုံးမှာ မင်းသားနဲ့မင်းသမီး
ညားကြလေသတည်း ဆိုတဲ့အတိုင်း သူတို့ မင်္ဂလာဆောင်ပြီး ပျော်ရွှင်တဲ့
ဘ၀ခရီးကို လျှောက်လှမ်းခဲ့ကြတယ်။ လျှောက်ခဲ့တဲ့ခရီး အနှစ်(၄၀)အကြာမှာ
သူနာမကျန်းဖြစ်ပြီး ကွယ်လွန်သွားခဲ့တယ်။ ပုံပြင်က ဒီမျှပါပဲလို့
အဆုံးသတ်မယ်ဆဲဆဲ သူထားခဲ့တဲ့ စာတစ်စောင်ကို သူမတွေ့လိုက်တယ်။
သူ မဆုံးခင် သူမအတွက် ရေးထားတဲ့ စာတစ်စောင်ပါ။ စာက ဒီလိုရေးထားပါတယ်။
"နင့်ကိုတောက်လျှောက် လိမ်လာခဲ့တဲ့ ငါ့ကို ခွင့်လွတ်ပေးပါ။ ပထမဆုံးအကြိမ်
ငါတို့ ကော်ဖီအတူတူ သောက်ခဲ့ကြတာကို နင်မှတ်မိသေးလား။ အဲဒီတုန်းက
ငါဘာပြောလို့ ဘာလုပ်ရမှန်းမသိ ဖြစ်ခဲ့တယ်။ ဘာအတွေးတွေ ရပြီး
စားပွဲထိုးကို ဆားယူခိုင်းမိလိုက်သလဲ မသိဘူး။ ကော်ဖီထဲ ဆားထည့်သောက်တဲ့
အကျင့် မရှိပေမဲ့ နင့်ကိုငါ လိမ်ညာခဲ့တယ်။ အဲဒီလိမ်ညာခြင်းကို
နင်စိတ်ဝင်စားခဲ့လို့ ဆားထည့်ထားတဲ့ ကော်ဖီကို ဘ၀ထက်ဝက်ဆာလောက်
ငါသောက်ခဲ့ရတယ်။ အဖြစ်မှန်ကို ပြောပြဖို့ ငါအကြိမ်ကြိမ်
ကြိုးစားခဲ့ဖူးတယ်။ ဒါပေမဲ့ နင်စိတ်ဆိုးမှာ၊ နင်ငါ့ကို ခွဲသွားမှာ
ငါအရမ်းကြောက်ခဲ့မိတယ်။
အခု ငါသွားရတော့မယ်။ နင်စိတ်ဆိုးမှာကို ငါမကြောက်တော့ဘူး။ သေသွားတဲ့လူကို
အလွယ်တကူ ခွင့်လွတ်ပေးနိုင်မယ် မဟုတ်လား.. ဒီဘ၀မှာ နင်နဲ့
ပေါင်းဖက်ခွင့်ရတာ ငါအတွက် အကြီးမားဆုံးသော ပျော်ရွှင်ခြင်းပဲ။
နောင်ဘ၀သာရှိမယ်ဆိုရင် နင်နဲ့ငါ ထပ်ဆုံချင်သေးတယ်။ ဒါပေမဲ့ ဆားခတ်ထားတဲ့
ကော်ဖီကိုတော့ ငါမသောက်ချင်တော့ဘူး။ ဆားခတ်ထားတဲ့ ကော်ဖီက သောက်ရ
တော်တော်ခက်တယ်ဆိုတာ နင်မသိဘူး မဟုတ်လား... ဒါပေမဲ့ နင့်ကို
ချစ်တဲ့စိတ်နဲ့ ကော်ဖီထဲ ငါဆားထည့်သောက်ခဲ့မိတယ်"
စာကိုဖတ်ပြီး သူမ တုန်လှုပ်သွားခဲ့မိတယ်။ အလိမ်ညာ ခံလိုက်ရပါလားလို့လဲ
ခံစားမိတယ်။ သူ မကြားနိုင်တော့တဲ့ စကားတစ်ခွန်းကို သူမ တိုးတိုးလေး
ရေရွတ်လိုက်မိတယ်။ " ကျွန်မကို ချစ်တဲ့စိတ်နဲ့ သူ့ကိုယ်သူ
ဒီလိုလိမ်ညာခဲ့တယ်။ ကျွန်မ ကျေနပ်ပါတယ်"
ပြီးပါပြီ
ဆားခတ်ထားတဲ့ ကော်ဖီတစ်ခွက်ထဲမှာ အချစ်ဘယ်နှစ်စ ပါနေသလဲ... ? အချစ်ဆိုတာ
တိုင်းတာချိန်တွယ်လို့ ရတဲ့အရာ မဟုတ်ပါဘူး။ လိမ်ညာခြင်းဆိုတာ
ခွင့်မလွတ်နိုင်တဲ့ အပြစ်တစ်ခုတဲ့။ တစ်ချို့လိမ်ညာခြင်းက ဘ၀တစ်ခုကို
ပျက်သုန်းစေခဲ့တယ်။ တစ်ချို့လိမ်ညာခြင်းက ဘ၀တစ်ခုကို အပျော်တွေနဲ့
ပြီးဆုံးစေခဲ့တယ်။ သင်ကော ဘာတွေလိမ်ညာခဲ့သလဲ.. ဘာတွေ
အလိမ်ညာခံခဲ့ရဖူးသလဲ..
2 comments:
Hi friend !!! I am so sorry that I could not read your words as my laptop had never got the font one.
I want to suggest you to use English if you want more people to feel your blog things, Ok ?? That will be very convenience for others whose laptop don't have the certain kind of font.
Post a Comment