Friday, May 15, 2009

လီမွန်တီး

ကော်ဖီဆိုင် တစ်ဆိုင်မှာ စုံတွဲတစ်တွဲ မုန်တိုင်းထန် နေတယ်။ ကောင်မလေးရဲ့ မျက်ဝန်းမှာ တိမ်တွေ ညိုနေတယ်။ ကောင်လေးက လေထန်နေတယ်။ ခဏနေတော့ လေငြိမ်သွား တယ်။ မိုးတွေ တရဟော ရွာချပါလေရော.... ကောင်မလေးက စိတ်တိုတိုနဲ့ ရှေ့မှာ ချထားတဲ့ လီမွန်တီးကို အားနဲ့ မွှေပစ်လိုက်တယ်။ အခွံပါတဲ့ လီမွန်က ကောင်မလေးရဲ့ ဒေါသဇွန်းအောက်မှာ မွမွကြေလို့.. ကောက်သောက်ကြည့် လိုက်တော့ လီမွန်တီးက ခါးသက်သက်... စားပွဲထိုးတစ်ယောက်ကို လက်ပြလိုက်တယ်။ စကားမပြောဘဲ စူပုပ်နေတဲ့ မျက်နှာအမှုအရာနဲ့ လီမွန်တီးကို မေးဆတ်ပြလိုက်တယ်။ နောက်တစ်ခွက်လဲပေးဆိုတဲ့ အမှုအရာနဲ့... လီမွန်တီး နောက်တစ်ခွက် လာချပြန်တယ်။ အခွံပါတဲ့ လီမွန်က ကောင်မလေးရဲ့ ဒေါသကို ပြန်ဆွပေးလိုက်တယ်။ မကျေမနပ်ဖြစ်နေတဲ့ ဒေါသကို စားပွဲထိုးဆီ ဦးတည်လိုက်တယ်။ "အခွံမပါတဲ့ လီမွန်ထည့်ပါလို့ ပြောလိုက်တာ မင်း မကြားဘူးလား" စားပွဲထိုးက ကောင်မလေးကို သေချာကြည့်တယ်။ ပြီးတော့... " အစ်မလေး.. မလောနဲ့လေ... အခွံပါတဲ့ လီမွန်က တီးထဲ ပျော်ဝင်ပြီး ချိုမြမြ အရသာနဲ့ သောက်သူကို လန်းဆန်းစေနိုင်တယ်။ အခုချိန်မှာ အစ်မလိုနေတဲ့ အရသာမျိုးပေါ့။ လီမွန်ကို အချိန်တိုအတွင်း တီးထဲပျော်ဝင်အောင်ဆိုပြီး သွားမမွေ၊ မဖိလိုက်နဲ့။ အဲဒီလိုလုပ်ရင် ခါးတဲ့ အရသာတွေပဲ ထွက်လာပြီး တီးကိုလဲ နောက်စေတယ်" ကောင်မလေး တစ်ချက်တွေသွားတယ်။ စားပွဲထိုးကို ပြန်ကြည့်ပြီး... "ဘယ်လောက်ကြာကြာစောင့်မှ လီမွန်ရဲ့အရသာတွေက တီးထဲ ပျော်ဝင်စေမလဲ"
"၁၂ နာရီ.... စိတ်ရှည်လက်ရှည် ၁၂ နာရီလောက်စောင့်မှ ကိုယ်လိုချင်တဲ့ အကောင်းဆုံး အရသာကိုရမှာ" စားပွဲထိုးက ပြုံးပြီးဖြေတယ်။ ဆက်ပြီး...
"တကယ်ဆိုရင် တီးဖျော်တာတင် မဟုတ်ဘူး။ ဘ၀မှာ စိတ်ညစ်စရာတွေ ကြုံရင်လဲ အချိန်ယူပြီး သည်းခံ စောင့်စားလိုက်ရင် စိတ်ညစ်စရာတွေက ကိုယ်ထင်သလောက် မကြီးကျယ်ပါဘူး" "မင်းဘာကို ဆိုလိုချင်သလဲ" ဒေါသမျက်စောင်းက ဟုန်းခနဲ... " ကျွန်တော်က အစ်မကို လီမွန်တီး ဖျော်နည်းလေး ပြောပြတာပါ။ တီးဖျော်နည်းနဲ့ ဘ၀ကိုလည်း ကောင်းတဲ့ တီးတစ်ခွက်ဖြစ်အောင် ဖျော်နိုင်ကြောင်းကို ပြောပြတာပါ" ဒေါသ မျက်စောင်းအောက်မှာ ပြာကျသွားမှာ စိုးလို့ စားပွဲထိုးက ကိုယ်ကို ကိုင်းညွှတ်ပြီး နောက်ဆုတ်သွားတယ်။ ကောင်မလေးရဲ့ ရှေ့မှာတော့ လီမွန်တီးရဲ့ မျက်နှာပြင်က ငြိမ်သက်လို့...
အိမ်ပြန်ရောက်တော့ လီမွန်တီးတစ်ခွက်ကို သူဖျော်ကြည့်လိုက်တယ်။ ၀ိုင်းစက်စက် လီမွန်ကို လှီးပြီး တီးထဲ ထည့်လိုက်တယ်။ လီမွန်တွေ ဖန်ခွက်အောက် တဖြည်းဖြည်း နစ်ဝင်သွားတယ်။ အသက်ရှူသလို လီမွန်ဖတ်တွေ တီးထဲမှာ ပျော်ဝင်နေတာကို ငြိမ်ငြိမ်လေး ထိုင်ကြည့်နေလိုက်တယ်။ လီမွန်မျှင်လေးတွေမှာ တီးတွေ တွဲခိုနေတယ်။ နောက်တော့ လီမွန်ရဲ့  အရသာတွေ၊ ၀ိညာဉ်တွေ တီးထဲ ပျော်ဝင်ကုန်တယ်။ ၁၂ နာရီ ကြာတော့ တီးကို သူ သောက်ကြည့်လိုက်တယ်။ သူတစ်ခါမှ မသောက်ခဲ့ဖူးတဲ့ လီမွန်တီးရဲ့  အရသာက လျှာကို လာထိတယ်။ ဒါဟာ လီမွန်ရဲ့  ၀ိညာဉ်တွေ တီးထဲ အကုန်ပျော်ဝင်လို့ ထွက်ပေါ်လာတဲ့ အရသာဆိုတာကို သူသဘောပေါက်လိုက်တယ်။ လီမွန်တီးကို အရသာခံ သောက်နေတုန်း လူခေါင်းဘဲလ်က မြည်လာတယ်။ တံခါးဖွင့်ကြည့်လိုက်တော့ နှင်းဆီပန်းတွေ ပွေ့ထားတဲ့ ကောင်လေးကို တံခါးဝမှာ တွေ့လိုက်တယ်။ "၀င်ခဲ့လို့ ရလား" ...."အင်း" ကောင်မလေး ခေါင်းညိတ်ပြီး ပြုံးပြလိုက်တယ်။ လီမွန်တီးကို ကောင်လေးရှေ့တွန်းပို့ပေးလိုက်ရင်း... "ဘယ်လို စိတ်ညစ်စရာပဲ တွေ့တွေ့ နောက်ဆို ငါတို့ လွယ်လွယ်နဲ့ စိတ်မဆိုး၊ စိတ်မကောက်ကြဘဲ ဒီလီမွန်တီး ရဲ့  အတုကို ငါတို့ယူကြရအောင်နော်" ...." ဘာဖြစ်လို့ လီမွန်တီး ကိုအတုယူရမလဲ" ကောင်လေးက သဘောမပေါက်ဟန်နဲ့ မေးတယ်။ "ဒီလို ကောင်းတဲ့ အရသာကို ရဖို့ စိတ်ရှည်ရှည်နဲ့ သည်းခံပြီး စောင့်ရလို့ပေါ့" နောက်တော့ ကောင်မလေးက လီမွန်တီးဖျော်နည်း လျှို့ဝှက်ချက်ကို ဘ၀ထဲ သယ်လာခဲ့တယ်။ ပြဿနာ တစ်ခုကို ကမူးကရူး မဆုံးဖြတ်တော့ဘဲ ခေါင်းအေးအေးနဲ့ စိတ်ရှည်သည်းခံပြီး စောင့်ခဲ့တယ်။ လီမွန်တီးရဲ့ အကောင်းဆုံး အရသာကို သောက်ရင်း ဘ၀ရဲ့ ပျော်ရွှင်မှု အရသာကိုလည်း မြည်းစမ်းနေခဲ့တယ်။ စားပွဲထိုး ကောင်လေးပြောတဲ့ စကားကိုတော့ သူဘယ်တော့မှ မမေ့ခဲ့ပါဘူး။

"လီမွန်ကို အချိန်တိုအတွင်း တီးထဲ ပျော်ဝင်အောင်ဆိုပြီး သွားမမွေ၊ မဖိလိုက်နဲ့။ အဲဒီလိုလုပ်ရင် ခါးတဲ့ အရသာတွေပဲ ထွက်လာပြီး တီးကိုလဲ နောက်စေတယ်"

No comments: